ကျောက်ပန်းတောင်းအသင်း

အညာဒေသပေါက်တဲ့ ကုက္ကိုပင်

ကုက္ကိုပင် လို့ ဆိုလိုက်တာနဲ့ အပင်ကြီးမျိုး၊ အကိုင်း အခက်ဝေ့ဝဲလို့ စိမ်းစိမ်းဆိုဆိုနဲ့ အရိပ်ရ သစ်ပင် ဆိုတာ သိကြပါတယ်။ စာဥတို့ သူငယ်ချင်းတွေ ရေခတ်ဆင်းတဲ့ ရွာဦးက ကုက္ကိုပင်ပေါ့။ ကျွန်တော်တို့ ကျောက်ပန်းတောင်း မြို့ပေါ် မှာလဲ အများကြီးရှိပါတယ်။ မြို့ပတ်လမ်း မှာလဲရှိတယ်။ ချောက်ရေနံချောင်း သွားတဲ့ ကားဂိတ်၊ ဘူတာကြီး အဝိုင်းပတ်၊ နေရာစုံလို့ ရပ်ကွက်တိုင်းမှာ ကြီးမား အုံ့ဆိုင်းတဲ့ ကုက္ကိုပင် ကြီးတွေ ရှိပါတယ်။ တချို့ ကုက္ကိုပင်ခြေရင်းမှာ ထိုင်ခုံတန်းလေးတွေရှိတယ်။ စိမ်းမြမြကုက္ကိုပင်ခြေရင်းက ထိုင်ခုံရယ်၊ အတူထွဲ ထိုင်နေတဲ့ စုံတွဲရယ်၊ ပြာလွင်တဲ့ မိုးကောင်းကင်ရယ်ဆိုရင် လက်ရာ မြောက်တဲ့ ပန်ချီကားတချပ်ပေါ့။ ဆွဲစရာမလိုဘူး အဲဒီပန်ချီကား အညာမှာ ရှိတယ် သဘာဝအတိုင်းပဲပေါ့။

ကျွန်တော် ကျောင်းပြီးတာ ဆော်မကြည်တဲ့ Botany ဘာသာနဲ့ မဟုတ်ပါဘူး။ အသီးမှာ သရက် မေဂျာမှာ Maths ဆိုတဲ့ Mathematics နဲ့ပါ။ ဒါပေမယ့် ပူနွေးလာတဲ့ ကမ္ဘာကြီး ကို သနားလို့ အပင်တွေကို စိတ်ဝင်စားနေပါတယ်။ အဲတော့ သိသလောက် နည်းနည်းပြောမယ်။ ကုက္ကိုပင်မှာ ၂ မျိုးရှိတယ်။ တောကုက္ကိုပင် (အရွက်ရှည်) က အရွက်နုနုကို ပြုတ်ပြီး မြေပဲနဲ့ သုပ်စားလို့ရတယ်။ ရွာကုက္ကိုပင် (အရွက်တို) က အရွက်ကတော့ စားမရဘူး၊ ခါးတယ်။ (ရွာက ခွဲခြားတဲ့နည်းပါ) ။ ကုက္ကိုရွက် ၂ မျိုးစလုံး နွားစားပါတယ်။ အသီးလဲ နွားကြိုက်တယ်။


ကုက္ကိုပင်က အပင်ကြီးတယ် အမြင့် ပေ ၈၀ လောက်ရှိတယ်။ အပင်ကတော့ လူ ၄ ယောက်ဖတ်စာလောက် မြင်ဖူးတယ်။ အဲဒီ အပင်ကြီးအောက်ရောက် ရင် ဖိနပ်ချွတ်ရတယ်။ အပင်ကြီးတော့ နတ်ကြီးတယ်တဲ့ ပြောကြတာပဲ။ ကုက္ကိုပင်က ကာဗွန်ဒိုင်အောက်ဆိုဒ် (စီအိုတူး) ကို လက်ခံ ဆုတ်ယူ အားကောင်းတယ်။ အဲဒါကြောင့် အရွက်က စိမ်းဖန်နေတယ်။ အစာဝတော့ ပင်ဆီလဲ ထွားတာပေါ့။ အဲဒါတင် ဘယ်ကမလဲ ကုက္ကိုပင်အောက်က အလေ့ကျ ပေါက်မြက်ပင်တောင် စိမ်းတယ်။ ဒါကြောင့် စီအိုတူးပေါတဲ့ မြို့ကြီးတွေမှာ စိုက်တယ် ထင်တယ်။

အညာဘက်မှာတော့ အထူးသဖြင့် ကျွန်တော့်ရွာပေါ့ (ကိုယ်တွေ့ဖူးတာပဲ ပြောလို့ကောင်းတယ်) ကုက္ကိုပင်ကို ပင်အိုကြီးတွေ ဖြစ်သည်ထိ မခုတ်ပါဘူး။ အရိပ်ရလို့ပါ။ သဘာဝအလျှောက် ရေကြီး လေကြီးလို့ လဲကျပြီး သေသွား တယ်ဆိုမှ ထင်းအဖြစ် သုံးပါတယ်။ နောက်ပိုင်း သတင်းတွေအရ့  နာဂစ် ဖြစ်တုန်းက မုန်တိုင်းကြောင့် လဲကျသေဆုံးသွားတဲ့ ကုက္ကိုပင်ကြီးတွေကို ပန်းပုထုတယ်၊ ကုက္ကိုပင် ပြစ်ဆုံတွေကို အလှပန်းအိုး လုပ်တယ်။ စားပွဲ လုပ်တယ်။ ပေါ်လစ်တင်ပြီး အသုံးအဆောင် အလှအပ ပစ္စည်းတွေ လုပ်တယ် လို့ သိရတယ်။ ကုက္ကိုသားက ပွတော့ ထုဆစ်ရတာ ကောင်းတယ်။ ဧည့်ခန်း အလှဆင်ခြင်း ပစ္စည်းအဖြစ် ကုက္ကိုသားက နေရာယူလာလို့ ထန်းပင်တွေ အသင်ရှူချောင်သွားတယ်လို့လဲ သိရတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့ အရိပ်အာဝါသ ကောင်းတဲ့ နှစ်ရှည်ပင်ကြီးတွေကို ချမ်းသာပေး ခြင်းဖြင့် သဘဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြဖို့ လိုအပ်ပါတယ်။ ဆင်းရဲတဲ့အခါကျတော့ ထမင်းနပ်မှန်ဖို့ကလွဲရင် ဘာမှ မစဉ်းစားတတ်ပါဘူး။ (ချမ်းသာတော့လဲ လောဘတက်ပါတယ်) သဘာဝပါ။ ကျွန်းတောရှိတဲ့သူက ကျွန်းခုတ်ရောင်းမယ်။ ရှားတော့ရှိသူက ရှားပေါ့။ ထန်းတောရှိသူက ထန်းပင်ပေါ့။ မန်ကျီးတောရှိသူက မန်ကျီးပေါ့။ ပိုင်ရာ ဆိုင်ရာပေါ့။ အဲလို ဖြစ်တတ်တဲ့ သဘာဝရှိတော့ တတ်တတ်စင်အောင် ပြောင် မသွားအောင် တာဝန်ရှိသူက အစ၊ တာဝန် မရှိသူ အဆုံး ထိန်းထိန်းသိမ်းသိမ်း၊ ဆင်ဆင်ခြင်ခြင်၊ စဉ်းစဉ်းစားစား၊ မျှော်မျှော်တွေးတွေး၊ လုပ်ဖို့ လိုတယ် လို့ မြင်ပါတယ်။

February 11, 2011 - Posted by | အညာဒေသ သဘာဝပေါက်ပင်

1 Comment »

  1. ကျုပ်တို့ရွာက ကုက္ကိုပင်တွေဆို၎-၅ယောက်ဖက်စာလောက်ရှိတယ်။
    ရွာစာသင်ကျောင်းနောက်ဘေးမှာသုံးပင်တောင်ရှိတယ်ဗျ။
    ငယ်ငယ်ကဆိုရင်မုန့််စားကျောင်းဆင်ချိန်ဆိုရင်အဲဒီကုက္ကိုပင်အောက်
    မှာပဲဆော့ကြတယ်။ အခုလိုအညာအလမ်းပြေလေးတွေတင်ပေးတဲ့အတွက်
    ကျေးဇူးပါဗျာ။

    Comment by မိုးလုံးပြာ | February 19, 2011 | Reply


Leave a comment