ကျောက်ပန်းတောင်းအသင်း

ဗုဒ္ဓဘာသာနှင့် ဗေဒင်၊ နတ္ခတ်

“နက္ခတ္တံ ပဋိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ။

အတ္ထော အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာတိ။”

နက္ခတ်ကောင်းကို စောင့်မျှော်နေသော လူမိုက်ကို ကောင်းကျိုးချမ်းသာများက လွန်မြောက် သွားကြသည်။ ကောင်းသောအလုပ်ကို စလုပ်သောနေ့သည်ပင် ကောင်းသော နက္ခတ်ဖြစ်၏။ ကောင်းကင်မှာ သွားနေသော နက္ခတ်များသည် အဘယ်အကျိုးစီးပွားမှ ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်။

(ဧကနိပါတ်၊ နက္ခတ္တဇာတက၊ န၀မဇာတက (၁)၊ စာမျက်နှာ(၁၂) )။

ကျွန်တော်တို့တွေသည် ဘာသာတရားအရပြောရရင် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ မြတ်ဗုဒ္ဓ၏ အဆုံးအမတွေကို လိုက်နာကျင့်ကြံတဲ့သူလို့ အရိုးရှင်းဆုံး ပြောလို့ရပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် အခြေခံအားဖြင့် ကံနှင့် ကံ၏ အကျိုးကို ယုံကြည်ရပါမယ်။ အဲဒီလို ယုံကြည်လိုက်တာကို ကမ္မဿကတသမ္မာဒိဋ္ဌိဉာဏ် ရှိတယ် လို့ ဆိုပါတယ်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘုရား၊ တရား၊ သံဃာသည်သာ ကိုးကွယ်အားထားရာအမှန်လို့ ရွတ်ဆိုနေပြီးတော့ အခြားသော လောကီပညာရပ်တွေအပေါ်မှာ အားထားရာအနေဖြင့် လုပ်ဆောင်လာကြသည်မှာ မသင့်တော်ပါ။ ဘာလို့ဒီလို တွေ ဖြစ်လာကြလဲ ဆန်းစစ်ကြည့်ရင် ကံ၊ ကံ၏ အကျိုးအပေါ်မှာယုံကြည်ချက် အားနည်းမှု၊ လောကီရေးရာ လတ်တလော အဆင်ပြေချင်မှုတွေကို တောင့်တမက်မောတဲ့အတွက်ကြောင့်လို့ သုံးသပ်မိပါတယ်။ လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်လုပ်ဆောင်တာဖြစ်လို့ မိမိတို့ အားထားချင်ရာတွေကို လုပ်ဆောင်ကြတာ အပြစ်ဆိုခြင်း မဟုတ်ပါဘူး။ အမှား၊ အမှန် သေချာခွဲခြား သိစေချင်တာပါ။ ဗေဒင်၊ နတ်၊ ဘိုးတော်၊ မယ်တော်၊ နက္ခတ်တွေအပေါ်မှာ ယုံကြည်မှု၊ အားထားရာတစ်ခုလို့ ထင်မှတ်နေခြင်းတွေသည် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ လုံးဝ မသင့်တော်ပါဘူး။

ထိုအရာတွေကို ကိုးကွယ်အားထားလို့ လက်ရှိအခြေအနေမှာ စီးပွားရေး၊ လူမှုရေး အဆင်ပြေကောင်း ပြေပါလိမ့်မယ်။ သို့သော် အပါယ် သံသရာကို မကျဘူးလို့ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ မှတပါး အခြားသော ကိုးကွယ်မှုများသည် အာမခံချက် မရှိပါဘူး။ မြတ်စွာဘုရားရှင်၏ သာသနာတော်နှင့် တွေ့ကြုံပြီး တရားတွေနာကြား ကျင့်ကြံနိုင်တဲ့ ယခုလို အချိန်အခါမှာမှ တရားတွေ မကျင့်ကြံ၊ မလိုက်နာကြဘူးဆိုရင် လူဖြစ်ရှုံးရပါမယ်။ သံသရာတစ်လျောက်လုံးကပါလာတဲ့ အမှားတွေကို စွန့်လွတ်ဖို့ အချိန်တန်ပါပြီ။ လောကသတ္တ၀ါတွေ ကောင်းကျိုးအတွက် ပါရမီတွေ ဖြည့်ကျင့်ခဲ့ရတဲ့ ဘုရားရှင်၏ ကျေးဇူးတရားတွေ၊ ဘုရားရှင် ဖော်ထုတ်ဟောခဲ့တဲ့ တရားတွေ၏ ကျေးဇူးတွေ၊ ထိုတရားတွေကို ထိန်းသိမ်းစောင့်ရှောက် ဟောကြားဆုံးမခဲ့တဲ့ ဆရာတော်ကြီးတွေ၏ ကျေးဇူးတရားတွေကို သိတတ်ကြရပါမယ်။ အချို့သောသူတွေ လုပ်တတ်တာလေးတွေ ပြောပါမယ်။

မိမိတို့ ကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားဆုံးဖြတ်ဖြစ်ပြီးမှ လက်ခံကြပါ။ ဗေဒင်ဆရာက ယတြာချေခိုင်းလို့ ဘုရားမှာ အမွှေးတိုင်၊ ဆီမီးပူဇော်ကြတယ်။ ဘုရားကို ကိုးကွယ်ပူဇော်မှုသည် သက်ရှိထင်ရှား ရှိသလို နှလုံးသွင်းပြီး ကိုးကွယ်ရတယ် ဆိုတာ သိနှင့်ပြီးသားပါ။ ဘုရားရှေ့မှာ အမွှေးတိုင်တွေ၊ ဖယောင်းတိုင်တွေစုပြီး ထွန်းညှိပူဇော်တာ မသင့်တော်ပါဘူး။ ကိုယ့်ရှေ့မှာတောင် အမွှေးတိုင်(၅)တိုင်လောက်ထွန်းပြီး နေကြည့်နိုင်ပါ့မလား။ ဆရာတော်အရှင်ဆန္ဒာဓိက စာအုပ်မှာတော့ ဘုရားကို ညှော်တိုက်နေကြတာပါလို့ ရေးထားပါတယ်။ ဗေဒင်ဆရာက သက်စေ့ ရေသပ္ပါယ်ရမယ်ဆိုတော့ ဘုရားရှင်ကို ဆောင်းတွင်းဖြစ်နေပါစေ ခေါင်းကနေ ရေလောင်းတတ်ကြပါတယ်။ ပေါက်မြောက်အောင်လို့ ပေါက်ပန်းလှူခိုင်းတယ်။ အကြံ အစည်အောင်ဖို့ ကြံစည်းလှူခိုင်းတယ်။ အရာရာအောင်ဖို့ အဝေရာညွှန့် လှူခိုင်းပါတယ်။ ဒီလိုခိုင်းတိုင်း လုပ်ရင်တော့ မသင့်တော်ပါ။  ဘုရားဂုဏ်တော် ပုတီးစိပ်ရာမှာလည်း မိမိနှစ်သက်တဲ့ အခေါက်ရေကို စိပ်လို့ရပါတယ်။ ဘယ်နှစ်ခေါက်  စိပ်ရမယ်၊ ဘယ်ဂုဏ်တော်ပွားရမယ်ဆိုတာ ထေရ၀ါဒမှာ ကန့်သတ်ချက်မရှိပါ။ လူတွေက ကျဉ်းကြပ်အောင် ကန့်သတ်နေကြ တာပါ။ ရက်ရာဇာနေ့မှာ သူတပါးအသက်သတ်လည်း အကုသိုလ်ဖြစ်တယ်။ ပြဿဒါးနေ့မှာ ဥပုသ်စောင့်လည်း သီလကုသိုလ်ရ တာပါပဲ။ ဒီတော့ အချိန်တွေ၊ နေ့ရက်တွေက ပဓာန မကျဘူးဆိုတာ သိသာပါတယ်။

ဘုရားရှင်ဟောခဲ့တဲ့ ပုဗ္ဗာဏှသုတ်ဟာ ကိုယ်၊ နှုတ်၊ စိတ် (၃)ပါးကို ကောင်းမွန်မြင့်မြတ်အောင် ကြိုးစားနေထိုင်လျှင် အချိန်တိုင်းဟာ ကောင်းသောနက္ခတ်၊ ကောင်းသော နိမိတ်များသာ ဖြစ်နေမည့်အကြောင်း ရတနာ (၃)ပါးကို အခြေခံတိုင်တည် သစ္စာတရားကို ဖော်ကျူးတဲ့သုတ်တော်ဖြစ်ပါတယ်။

ဗေဒင်ပညာဆိုတာ တိုက်ရိုက်တော့  သာသနာကို မထိခိုက်သလိုပါပဲ။ မည်သည့် ဗေဒင်ဆရာမှ သူများအသက် သတ်ရမယ်လို့ ယတြာမပေးပါဘူး။ သူတပါး ပစ္စည်းခိုးပြီး စားရမယ်လို့လည်း မပြောကြပါဘူး။ ဘုရားကို ဘယ်လိုပူဇော်ရမယ်။ ဘာတွေလှူရမယ် စသဖြင့်သာ ပြောကြတာပါ။ ဗေဒင်နဲ့ ပတ်သတ်ပြီးတော့ ကချင်ပြည်နယ်၊ နမ္မားမြို့၊ မင်္ဂလာရာမကျောင်း ဆရာတော်ဦးဉာဏက ယခုလို ရေးသားထားပါတယ်- “ဗေဒင်က ရက်ရာဇာနှင့် ပြဿဒါးကို ပဓာန ထားသကွဲ့။ မြတ်စွာဘုရားက ကုသိုလ်နှင့် အကုသိုလ်ကို ပဓာန ထားသကွဲ့။ ဗေဒင်က မဟာဘုတ်လေးပါး ပဓာနထား၍ ထူသကွဲ့။ မြတ်စွာဘုရားက သမ္ပတ္တိလေးပါးကို အဓိကထား၍ ထူသကွဲ့။ မြတ်စွာဘုရားနဲ့ဆန့်ကျင်တာကိုယုံလျှင် ဘုရား၊ တရား မယုံရာ ကျတာပေါ့။”  အင်မတန် သတိပြုသင့်ပါတယ်။

ဘုရားရှင်ရှိစဉ်ကပဲ ပုဏ္ဏားတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို တွက်ကြည့်တော့ မဝေးတော့တဲ့ တစ်ခုသောလပြည့်ည သန်းခေါင်မှာ သေမယ်လို့ အဖြေရပါတယ်။ သူ့မိန်းမက တွက်ကြည့်တော့လည်း ဒီလိုပဲ အဖြေရတယ်။ ဒီတော့ ဘုရားရှင်ကို လာမေးပါတယ်။ ဘုရားရှင်ကလဲ သေမယ်လို့ပဲ ဟောပါတယ်။ အဲဒီအခါ ပုဏ္ဏားလန့်ပြီး ငါသာမျောက်ဖြစ်ရင် စားဖို့ ငှက်ပျောသီးတွေ စိုက်မယ်၊ ငှက်ဖြစ်ရင်နေဖို့ ညောင်ပင်စိုက်မယ်၊ ငါးဖြစ်ရင်နေဖို့ ရေကန်တူးမယ် စသဖြင့် အမျိုးမျိုး စဉ်းစားပြီး စိုက်ပျိုးလိုက်တာ အများကြီးပါပဲ။ နောက်တော့ လမ်းဖောက်တာတွေပါ လုပ်လာတယ်။ သူက ကုသိုလ်ရဖို့တော့ မဟုတ်ပါဘူး။ သူသေပြီး ဘာကောင်ပြန်ဖြစ်ဖြစ် နေရတာ အဆင်ပြေအောင် လုပ်တာပါပဲ။ ဒါပေမယ့် သူစိုက်ပျိုးထားတာတွေ ကြီးလာတော့ မျောက်တွေ၊ ငှက်တွေ၊ ငါးတွေ စသဖြင့် စားကြ၊ သောက်ကြ၊ နေကြ၊ နားကြဖြစ်နေပါတယ်။ သူသေမယ်လို့ တွက်လို့ရထားတဲ့ ညမှာတော့ သူက အားလုံးကို နှုတ်ဆက်ပြီး အိပ်ယာပေါ်မှာ သေမယ့်အချိန်ကို စောင့်နေတာပေါ့။ အာရုဏ်တက်ချိန်အထိ လည်း မသေရော၊ သူ့ကို စိတ်ဆင်းရဲအောင် လုပ်ရမလားလို့ ဘုရားရှင်ကို စိတ်ဆိုးပြီး ရန်တွေ့ဖို့ ထွက်လာပါတယ်။ ဘုရားရှင်နဲ့ တွေ့တဲ့အချိန်မှာတော့ ဘုရားရှင်က အဲဒီနေ့သေမယ်လို့ဟောပြီးနောက်ပိုင်း ဘာတွေလုပ်သေးလဲဆိုတာမေးပြီးတော့ သူလုပ် ဆောင်ခဲ့တာတွေဟာ အသက်ရှည်ရာ ကောင်းမှုတွေဖြစ်ကြောင်း ဇာတ်တော်ဆောင်ပြီး ဟောပါတယ်။

ဒါကြောင့် သာမာန်ဗေဒင်လို သက်သက်မှာ မမှန်နိုင်ဘူးဆိုတာ သိသာပါတယ်။ ကံနဲ့ ကံရဲ့အကျိုးကို ယုံရပါမယ်။ ဒီလိုမဟုတ်ဘဲ ဂြိုဟ်စီး၊ ဂြိုဟ်နင်း၊ နက္ခတ်၊ ရာသီ နဂါးခေါင်းလှည့်၊ လက်ဝါးရှိလမ်းကြောင်းများ ညွှန်ရာတွေကိုပဲ ယုံနေမယ်ဆိုရင် ကံ နဲ့ ကံ၏အကျိုးကို ပယ်ရာကျပြီး ကမ္မဿကတသမ္မာဒိဋ္ဌိ မဖြစ်တော့ဘဲ မိစ္ဆာဒိဋ္ဌိတောင်ဖြစ်သွားပါမယ်။
စာရေးသူကိုယ်တိုင်လည်း မဟာဘုတ်ထူတာ၊ နာမည်ပေးနည်း (ယခင်က ခင်ကြီးဖျော်နည်း၊ နောက်ပိုင်းတော့ မင်းသိင်္ခတို့ သုံးကြတယ်)၊ လက်မှတ်ထိုးတာ၊ လက္ခဏာပညာ၊ အိမ်ထောင်ဖက်ရွေးနည်း၊ (ဓမ္မာ-သောက အင်းဝ-ရာဇာ။ ဥသာ-စိန်ပန်း ဒန်းလှ ကိုရှာ စတဲ့ လင်္ကာလေးတွေနဲ့ပါ) စသဖြင့် လေ့လာခဲ့ဖူးပါတယ်။ တကယ်တော့ ဒီပညာတွေဆိုတာ ဟောသူက မကျွမ်းကျင်လို့ ဖြစ်စေ၊ ကျက်မှတ်ထားတာ၊ တွက်ချက်တာတွေ၊ ဆုံးဖြတ်တာတွေ မှားလို့ဖြစ်စေ လွဲနိုင်ပါတယ်။

နောက်တစ်ချက်က အဟောခံရသူကိုယ်တိုင်ရဲ့ ပြုမူဆောင်ရွက်ချက်တွေကြောင့်လည်း လွဲနိုင်ပါတယ်။ ဗေဒင်မေးတဲ့ သူက ကောင်းမှုတွေလုပ်ပြီး မကောင်းကံတွေကို တားနိုင်တာကြောင့်လည်း မှားသွားတတ်ပါတယ်။ ဤနေရာမှာ ဆရာတော် အရှင်ဇ၀နရေးသားသော စာအုပ်ထဲမှ ထုတ်နှုတ်တင်ပြပါမယ်။ နာမည်ကြီး ဗေဒင်ဆရာတစ်ယောက်က စာချဘုန်းကြီးတပါး၏ ဇာတာကိုကြည့်ပြီး  အရှင်ဘုရားမှာ ခန္ဓာပျက်ကိန်းရှိနေပါတယ်။ ယတြာမချေလို့ မရပါဘူးလို့လျှောက်ထားရာ တပည့် စာသင်သားသံဃာတွေက တုန်လှုပ်သော်လည်း စာချဘုန်းကြီးကတော့ တုန်လှုပ်ချောက်ချားခြင်း မရှိပါဘူး။ အေးမြကြည်လင် တဲ့မျက်နှာက တစ်ချက်လေးမှ ပျက်သွားခြင်းမရှိ၊ ပကတိအတိုင်းပါပဲ။ တပည့်များရော၊ ဗေဒင်ဆရာရော ဆရာတော်ပြောမည့် စကားကို နားထောင်နေကြပါတယ်။ ခဏကြာတော့ စာချဘုန်းကြီးထံမှ စကားသံအချို့ ထွက်လာပါတယ်။

“ဒကာကြီး အခုလိုဟောကြားသတိပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဦးပဉ္စင်းအတွက်တော့ ကိစ္စမရှိပါဘူး”။ ထိုစကားကို ဗေဒင်ဆရာက မကြိုက်ပါ။ သူ့ပညာကို မယုံကြည်သောကြောင့်လို့ ယူဆပါတယ်။ ထိုမကျေနပ်တဲ့စိတ်က မပြေပြစ် တဲ့စကားတွေပြောပါတယ်။ “အရှင်ဘုရား.. တပည့်တော်ပြောတဲ့အတိုင်း ယတြာမချေဘဲ နေရဲနေကြည့်ပါ။ အခုနှစ် ၁၃၅၃ ခုနှစ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပိုတွဲလေးလ အတွင်းမှာ ခန္ဓာပျက်ရင်ပျက်၊ မပျက်ရင်လည်း သေလောက်နီးပါး ရောဂါကို ခံစားရမယ်၊ အကယ်၍ တပည့်တော် ပြောတဲ့အတိုင်း မဖြစ်ဘူးဆိုရင် တပည့်တော်တို့ ဗေဒင်ကျမ်းတွေ အကုန်မီးရှို့ ပစ်မယ်” ဟု ပြောဆိုပြီး ပြန်သွားပါတယ်။

လူတစ်ယောက်၏ ကောင်းကျိုးဆိုးကျိုးကို ကံတရားထက် ဂဏန်းသင်္ချာများက ပို၍ ဖန်တီးနိုင်သည်ဟု ယူဆလိုက် လျှင် ဗုဒ္ဓဘာသာဝင် မပီသနိုင်တော့ပါ။

ဗေဒင်ဆရာ၏ အတိအကျဟောချက်ကြောင့် တပည့်များက စိုးရိမ်သဖြင့် ယတြာချေဖို့ အတင်းအကျပ်လျှောက်ထား ရာ စာချဘုန်းကြီးက “ငါအမြဲတမ်း ယတြာချေနေတာ မင်းတို့ မတွေ့ကြဖူးလား” ပြန်မေးတော့ တပည့်များက “တွေ့ပါတယ်ဘုရား” ဟု လျှောက်ကာ ပြန်ခဲ့ကြပါတယ်။ အချိန်တွေကုန်လွန်ပြီး ဆရာတော်ကား ဘာရောဂါအသက်ဘေးမှ မဖြစ်ဘဲ စာချဘုန်းကြီးဘ၀မှ ကျောင်းထိုင်ဘုန်းကြီးဘ၀သို့ပင် ရောက်ခဲ့ပါတယ်။ ထိုအခါမှ ဗေဒင်ဆရာ ဟောခဲ့သလို အဘယ့် ကြောင့် အသက်အန္တရာယ် မဖြစ်ရကြောင်း ဟောကြားပါတယ်။ အတိုချုံ့ ပြောရရင် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကံတွေကို ဆရာတော်က ယခင်ကတည်းက နေ့စဉ်ပြုလုပ်ခဲ့ခြင်း၊ ကောင်းမှုတွေနဲ့ ထုံမွှမ်းနေလာခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။

ဗေဒင်ပညာရှင်တွေဆိုတာ ပုထုဇဉ်တွေပါပဲ။ အဲဒီတော့ အမှားဆိုတာ ဘယ်ကင်းပါ့မလဲ။ ဗေဒင်၊ နက္ခတ်ပညာဆိုတာ ကောင်းကျိုးဆိုးကျိုးကို ကြိုတင်သိနိုင်စွမ်းရှိတဲ့ လောကီပညာတစ်ခုပါ။ ဒါပေမဲ့ လိမ်းဆေးကို စားဆေးအဖြစ် သုံးလိုက်ရင် အသက်အန္တရာယ် ဖြစ်နိုင်သလို  ဒီဂြိုဟ်ထဲရောက်နေလို့သာ ဒီလိုဖြစ်ရတာ၊ အတိတ်ကံ ပစ္စုပ္ပန်ကံနဲ့ ဘာမှမဆိုင်ဘူးလို့ ယူဆ လိုက်ရင်တော့ ဗုဒ္ဓ၀ါဒကို ဖျက်ဆီးတဲ့ အဓိကအန္တရာယ်ကြီး ဖြစ်သွားနိုင်တယ်။

ဘုရားလောင်း မွေးဖွားစဉ်က ဘုရားဖြစ်မယ်ဆိုပြီး လက်ညိုးတစ်ချောင်းတည်းထောင်ခဲ့တဲ့ ကောဏ္ဍညပုဏ္ဏားတောင် ဘုရားလောင်းက ဒုက္ကရစရိယ မကျင့်တော့ဘဲ အစားအစာလည်း ပြန်စားရော ဘုရားမဖြစ်တော့ပါဘူးလို့ ပြန်ပြီး ယုံကြည်သွား လို့ ပဉ္စ၀ဂ္ဂီ (၅-ပါးအစု)လုံး ဘုရားလောင်းကို စွန့်ခဲ့ကြတာပဲ။ ဘုရားဖြစ်ပြီး ဓမ္မစကြာတရား ပြန်လာဟောတော့မှ ဘုရားဖြစ်ပြီဆိုတာ သိကြတာပါ။ ဒီတော့ သာမန် လက္ခဏာ၊ ဗေဒင် ပညာမှာ မုချမှန်ပါမယ်လို့ ပြောလို့မရနိုင်ပါဘူး။

ဤသို့ဖြင့် ဒီပညာတွေဟာ လေးစားစရာ၊ စိတ်ဝင်စားစရာကောင်းလောက်အောင် တိတိကျကျ ဟောနိုင်၊ ပြောနိုင်တာ တွေ ရှိသလို၊ ကာယကံရှင်ကလဲ ပြန်ပြီးပြုပြင်နိုင်ကြောင်း သေချာနေပါတယ်။ ဒီတော့ ဆရာတော် အရှင်ဇ၀နပြောသလို ပြောရရင် လိမ်းဆေးအဖြစ်ပဲ သုံးသင့်တဲ့ဆေးကိုသောက်ရင် ပြဿနာ အကြီးအကျယ်တက်ပါမယ်။

ဒါ့ကြောင့် ပညာတစ်ရပ်အနေနဲ့ သုံးချင်သုံးနိုင်ပါတယ်။ သို့သော် ကိုးကွယ်အားထားရာ အစစ်ဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာတို့ထက်ပိုပြီး အလေးအမြတ်ပြုရင်တော့ မသင့်တော်ပါ။ အမှားနှင့်အမှန်၊ အတုနှင့်အစစ် ကွဲပြားဟန်ကို ပိုင်းခြား သိမြင်ပြီး စစ်မှန်သော ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါစေ။

“ဓမ္မချမ်းသာ တွေ့အောင်ရှာ၊ အို၊ နာ၊ သေခြင်း ကင်းစေသော်”

အောင်ဦး (ဓမ္မရသ)  မူရင်းလင့်သို့  http://www.mmtheravada.org/

Advertisements

March 18, 2011 - Posted by | ထေရဝါရမြတ်ဗုဒ္ဓသာသနာ

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: