ကျောက်ပန်းတောင်းအသင်း

ဓလေ့ ဆိုရိုးစကားလေးများ (၁)

“မမင်းသာ ကန်နံဘောင် လျှောက်”

ဒီဆိုရိုးလေးကတော့ လူအသိနည်းမည်ထင်ပါတယ်။ ဒီဆိုရိုးစကားလေး ဖြစ်ပုံလာပုံကို ပြောပြရရင် ဟိုးရှေးယခင်က (အချိန်ကာလမည်မျှကြာပြီးလည်း ကျွန်တော်လည်း မသိပါ) ကျောက်ပန်းတောင်းမြို့နယ်ထဲက ရွာလေးတရွာမှာ အင်မတန်ဆင်းရဲတဲ့ မမင်းသာ ဆိုတဲ့ မိန်းမ တစ်ယောက်ရှိပါတယ်။ တနေ့မှာတော့ ရွာက လူတွေဟာ ကျောက်ပန်းတောင်းမြို့ပေါ်က စေတီကြီး ဘုရားပွဲကို သွားကြဘို့ နွားတွေ လှည်းတွေ ပြင်ဆင်နေကြပါတယ်။ ရွာကလူတွေက စေတီကြီးဘုရားပွဲသွားကြမယ်ဆိုတော့ မမင်းသာလည်း လိုက်သွားချင်ပါတယ်။ ဒါပေမဲ့ ခက်တာက မမင်းသာမှာ ဘုရားပွဲသုံးစရာ ပိုက်ဆံက မရှိရှာပါဘူး။ ဒါပေမဲ့ စိတ်က အတင်းလိုက်ချင်နေတော့ သွားမဲ့ လှည်းကြုံတစ်စီးကို ပြောပြီး အတင်းလိုက်သွားပါသတဲ့။ ဒီလိုနဲ့ ဟိုရောက်တော့ ရွာကလူတွေက စေတီကြီးဘုရားရဲ့ မြောက်ဘက်က ထိန်ကန် ဘေးက မန်ကျီးပင်ကြီးတွေအောက်မှာ နွားလှည်းကို ဖြုတ် နွားတွေကို ကန်ဘေးက မြတ်ခင်မှာ လှန်ခဲ့ပြီး ပွဲဈေးလျှောက်ကြပါသတဲ့။ အစကတော့ မမင်းသာလည်း ရွာကလူတွေနောက်ရောရောင် လိုက်ကြည့်တာပေါ့။ တချို့ကလည်း ကိုယ်ကြိုက်တဲ့ အရာလေးတွေတွေ့ရင် ၀ယ်ကြချမ်းကြပေါ့။ မမင်းသာခမျာ ကြိုက်တာလေးများ တွေ့ပေမဲ့ ပိုက်ဆံမရှိတော့ မ၀ယ်နိုင်ရှာတော့ စိတ်တွေဆင်းရဲရတာပေါ့။ ဒါနဲ့ မမင်းသာလည်း ရှေ့ဆက်လျှောက်ကြည့်ရင် လိုချင်တာတွေ့လည်း မ၀ယ်နိုင်တော့ စိတ်ပိုဆင်းရဲရတယ်ဆိုပြီ လှည်းတွေ ထားတဲ့ ထိန်ကန်ကိုပြန် ကန်နံဘောင်ပေါ်မှာပဲ လမ်းလျှောက်ရင်း ရွာကလူတွေ ပြန်လာ စောင့်နေပါတော့သတဲ့။ အဲဒီအဖြစ်ကို မြင်တဲ့ ရွာကလူတွေက နောက်များကျတော့ ပိုက်ဆံမရှိဘဲ ပွဲဈေးသွားချင်ကြတဲ့ သူတွေကို မြင်တွေ့ရရင် မမင်းသာ ရဲ့အဖြစ်ကို ပြောပြပြီး “မမင်းသာ ကန်နံဘောင်လျှောက်” ဖြစ်ချင်လို့လား လို့ ပြောကြပါသတဲ့။

ဒီဆိုရိုးလေးကို ပြောပြတဲ့ ကျွန်တော့်ရဲ့ ချစ်မေမေ ကို ဒီနေရာကနေ ကျေးဇူးတင်စွာ credit ပေးလိုက်ပါတယ် (ဘလော့ဂ်ဂါ တို့ရဲ့ ယဉ်ကျေးမှု့ပါ)။

ကျွန်တော်လည်း IT Show ရှိတိုင်း ၀ယ်ဘို့ပိုက်ဆံမရှိပေမဲ့ အသစ်ထွက်တဲ့ IT ထွက်ကုန်တွေကို မစားရ၀ခမန်း သွားရည်သွားကျနေကြပါ window shopping ကို မျက်နှာပြောင်ပြောင် လုပ်နေကြပါ။ အဲလိုအခါမျိုးဆိုရင် မေမေ ရေ မမင်းသာက စိတ်မခိုင်လို့ မျက်နှာမပြောင်လို့ပါ။ သားလို့ စိတ်ခိုင်ခိုင် မျက်နှာပြောင်ပြောင် ကတော့ IT Show ဆို မ၀ယ်ဘဲ မလွတ်တမ်း သွားငမ်းတုန်းပါပဲ။ ဒါပေမဲ့ မေမေ ပြောပြော နေတဲ့ “မမင်းသာ ကန်နံဘောင် လျှောက်” ဆိုတဲ့ ဆိုရိုးလေးကိုလည်း ပြေးပြေး သတိရလိုက်မိပါရဲ့ ချစ်မေမေ။

စာဖတ်သူများ ရွှင်လန်းချမ်းမြေ့ပါစေ

အဝေးရောက်ကျောက်ပန်းတောင်းအသင်း

February 4, 2011 Posted by | ဓလေ့ ဆိုရိုးစကားလေးများ | | Leave a comment

ကျွန်တော်တို့ မြို့မှ ဓလေ့ ဆိုရိုးစကားလေးများ (မိတ်ဆက်)

အထက်က ခေါင်းစဉ်ကို တပ်ဖို့စိတ်ကူးမိတာက ကျွန်တော်တို့ မြို့လေးမှာ ကိုယ့်နေထိုင်ရာ ပါတ်ဝန်းကျင်အလိုက် ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာလေးတွေ အပေါ်ကနေ ဟိုးယခင် ကျွန်တော်တို့ ဘိုးဘွား မိဘ များလက်ထက်ကတည်းက အခါအခွင့်သင့်တိုင်း သုံးစွဲခဲ့ကြတဲ့ ဆိုရိုးစကားလေးတွေနဲ့ အခြားနယ်ဒေသ များနှင့် မတူတဲ့ အသုံးအနှုန်းလေး တွေကို ကိုယ့်နယ်သူနယ်သားများသာမက အခြားစာဖတ်သူများနှင့် နီးစပ်သူများ သိရှိနားလည်စေရန် ရည်ရွယ်ပြီး ခေါင်းစဉ်တစ်ခုအနေနဲ့ ဖွင့်လိုက်ခြင်းဖြစ်ပါတယ်။

ဒီခေါင်းစဉ်အောက်ကနေ ကျွန်တော်တို့ကျောက်ပန်းတောင်းနယ်က ပြောလေ့ပြောထ ရှိတဲ့ ဆိုရိုးစကားလေးတွေနဲ့ အသုံးအနှုန်းလေးတွေကို နံပါတ်စဉ် တပ်ပြီး တင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အဝေးရောက်နေသူ မြို့သူမြို့သားများ တော်တော်များများ (အားလုံးနီးပါ) ဟာ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ပြောဆိုလာတဲ့ အပြောအဆို၊ စကားအသုံးအနှုန်းတွေကို ပြောင်းလဲပြောဆိုကြခြင်းမရှိကြပါဘူး။ သိသာမြင်သာတဲ့ အချက်တစ်ချက်ကို ပြောပြရရင် မထင်မှတ်ဘဲ စာဖတ်သူရဲ့ဘေးတွင် ကျောက်ပန်းတောင်းသူ/သား တစ်ယောက်ယောက်သာ စကားပြောနေလျှင် စာဖတ်သူသာ ကျောက်ပန်းတောင်းသူ/သားဖြစ်ပါက ထိုစကားပြောနေသော သူအား စာဖတ်သူကိုယ်တိုင် မသိသော်လည်း ထိုသူသည် ကျောက်ပန်းတောင်းသူ/သားဖြစ်နိုင်သည်ဟု စာဖတ်သူ တွေးထင်မိစေမည်မှာ မလွဲပါ။ အဘယ့်ကြောင့်ဆိုရလျှင် ကျွန်တော်တို့ မြို့သူ/သား များတွင် သူများနှင့်မတူသော စကားပြောဟန် လေယူလေသိမ်းနှင့် စကားအသုံးအနှုန်းများ တမူကွဲပြားလျှက်ရှိသောကြောင့်ဖြစ်သည်။

ထို့ကြောင့် အထက်ပါ ခေါင်းစဉ်တစ်ခုကို ပိုစ့်အခွဲလေးများနှင့် နံပါတ်စဉ်တပ်ကာ တင်ဆက်သွားမည်ဖြစ်ပါသည်။ စာဖတ်သူမြို့သူမြို့သားများအနေနှင့် အခြားသူများအား မျှဝေချင်သော စကားလုံးလေးများ ရှိလျှင် စကားလုံး နှင့် သုံးနှုန်းသည့် နေရာ အဓိပါယ် အသေးစိတ်ကို ကျွန်တော်တို့ Site Admin email “kpg.kyaukpadaung@gmail.com” သို့ ပေးပို့မျှဝေ နိုင်ပါတယ်ခင်ဗျာ။

စားဖတ်သူများ ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ

အဝေးရောက် ကျောက်ပန်းတောင်းအသင်း

February 4, 2011 Posted by | ဓလေ့ ဆိုရိုးစကားလေးများ | | Leave a comment